Monday, September 1, 2008

ညီညွတ်မှုသည် အား

သူရဲကောင်းတွေ
ဖောင်ဖျက်ခဲ့ကြတယ်။

ကျုပ်တို့
တော်လှန်ရေး သမားတွေရော
ကိုယ့်အကျိုးအတွက် ပြန်လည်စွန့် လွှတ်ဖို့ 
အများအကျိုးအတွက် ပြန်လည်စွန့် စားဖို့ 
အဆင်သင့်ပြီလား။

ပုဂိုလ်စွဲတွေထားခဲ့ ပါတီစွဲတွေထားခဲ့
အာဃာတတွေထားခဲ့ မာန်မာနတွေထားခဲ့
နေရာရူးတွေထားခဲ့ အာဏာရူးတွေထားခဲ့
အနှစ် နှစ်ဆယ်မှာ ထားခဲ့။

ဦးနှောက်ရဲ့ တံခါးတွေ ကို တွန်းဖွင့်
နှလုံးသားရဲ့တံခါးတွေကို တွန်းဖွင့်

ပွင့်လင်းမှု နွေးထွေးမှုတွေနဲ့ 
ညီရင်းအစ်ကိုတွေလို တပြေးညီတည်း စုစည်း
ညီညွတ်မှု အားနဲ့
တော်လှန်ရေးကို အရှိန်အဟုန် ပြန်မြှင့်ကြ
အောင်ပွဲဟာ လက်တကမ်းမှာရှိတယ်။ ။

မောင်ချမ်းမှိုင်း(၀၈ ။ ၃၀ ။ ၀၈ )

Sunday, August 3, 2008

လှိုင်းဖျားထိပ်ကလူ

(ဆရာဒဂုန်တာရာသို့ )
သပြေပန်း
ကမ်းတဲ့သူ
အချစ်သွေး
လောင်းပေးသူ
ဒေါင်းအိုးဝေ
အိုးဝေသူ
ချိုးဖြူ ။
ရန်သူမရှိတဲ့သူ
ပိတောက်ကိုချစ်သူ
မတ်လကိုချစ်သူ
လစိမ်းကိုချစ်သူ
ဟိန်းရဲ့လူ ။
ပင်လယ်ဝက
မီးပြတိုက်နဲ့တူ
လှိုင်းဖျားထိပ်ကလူ ။

ငြိမ်းချမ်းသူ ၂၀၀၈ -မတ်လ

Saturday, August 2, 2008

မုန်တိုင်းထဲကသားအမိ

( က)
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းတင်းဆုပ်ထား ။
လေကြီးမိုးကြီးတွေ
ပြိုပြိုဆင်းလာနေတယ်
နတ်ဘုံနတ်လမ်းဟာလဲ
မဲမဲမှောင်နေတယ်။
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းဆုပ်ထား ။
(ခ)
မေမေ
မေမေ
သားကြောက်တယ်။
မေမေ့လက်ကို့  အို
သားမမြင်ရတော့ဘူးဆို။
ဘုရားသခင် ရှိတဲ့
ကောင်းကင်ဘုံ ဟာလဲ
မှောင်နေတာပဲမေမေ
သားရဲ့ကိုယ်လက်တွေမြုပ်သွား ပြီမေမေ
အလင်းရောင်တွေမရှိတော့ဘူးမေမေ
နွားတွေလှည်းတွေ လှေသဘောင်္တွေ
ဆွဲချသွားပြီမေမေ။
မေမေ့ခေါ်သံ
မေမေ့အားပေးသံ
မကြားရတော့ဘူးမေမေ
မေမေ့မျက်နှာ
မေမေ့လက်ပါ
သားမတွေ့ရတော့ဘူးမေမေ။
(ဂ)
သွားနှင့်တော့ကွယ်သားရယ်
မေမေဆုတောင်းနေမယ်။
နောင်ဆိုရင် ဒီကနေ့လို
ဆင်းဆင်းရဲရဲဇာတာ
မင်းလေးရှိမှာမဟုတ်တော့ပါ ။
နောင်ဆိုဒီကနေ့လို
မရေမရာ ကျောင်းပညာ
ဖေဖေ့ဆေးဖိုးဓါတ်စာ
မင်းလေး တွေးပူဖို့မလိုတော့ဘူးကွာ။
ကောင်းကောင်းမှတ်ထားနော်သားရာ
မင်းမေမေ မင်းဖေဖေတို့ရဲ့
ပုံရုပ်ကိုသေသေချာချာ
နောင်ဘ၀မှာ
ဒို့သားအမိသားအဖ
ပြန်အတူတကွ
ပေါင်းသင်းနေထိုင်ကြဦးမှာ ။
(ဃ)
စိတ်ချသွားပါမေမေရယ်
မစိုးရိမ်ပါနဲ့ကွယ် အားတင်းထားတယ်။
နတ်ဘုံနတ်လမ်း ဟာ
နည်းနည်းပြည့်ကျပ်နေတယ်
သားနဲ့သက်တူရွယ်တူ တွေအများကြီး ရှိတယ်
သားသူငယ်ချင်း နဲ့ကျောင်း နေဘက် တွေလဲပါတယ်
မငိုဘူး ၊ ဒို့မျက်ရည်မျက်ဘူးလို့
တဦးကိုတဦးအားပေးကြတယ်ဆိုကြတယ်။
သားစကားကြား လားမေမေရယ်
ဘယ်မေမေပဲဖြစ်ဖြစ်
သားတို့မေမေပဲဖြစ်တယ်
(င)
မေမေ
မေမေ့အနားမှာ
နောင်သားမရှိတဲ့ အခါ
မေမေ့အချစ်တွေနဲ့
မေမေ့မေတ္တာများကိုစုပုံကာ
ရှင်နေတဲ့ သား တွေကိုပေးကမ်းပါ။
အခု
သားတို့ဖာသာသားတို့သွားပြီဗျာ
စိတ်ချပါမေမေရာ
မျက်ရည်သုတ်လိုက်ပါ
မျက်ရည်ဥ လေးတွေရဲ့
အရောင် အဆင်းအလင်း များဟာ
သားတို့သွား မဲ့လမ်းကို
ရှင်းလင်းထွန်းလင်း မပေးနိုင်ပါ။
(စ)
မေမေရယ်
မှတ်ထား ပါတယ်နှလုံးထဲမယ်။
ဖေဖေမေမေတို့ရဲ့
ရုပ်မျက်နှာကိုစွဲစွဲခိုင်ခိုင်ကွယ်
သားမျက်လုံးအိမ်ထဲရိုက်နှိပ်ထားတယ်။
မေမေရယ်
မမေ့နဲ့ကွယ်။
နောင်ဘ၀မှာ
သားတို့ချိန်းထားတာ ။

ငြိမ်းချမ်းသူ
မေ ၂၀၀၈

အဖေ့အတွက် ကဗျာ

ဖုန်းထဲမှာ
ဟိုလွန်ခဲ့သောနှစ်များ ကလို
“ရီရေ
မင်းသား မင်းသား”
အဖေ့ရဲ့ပျော်ရွှင်ဝမ်းသာတဲ့အသံမျိုး ကိုမကြားရတော့ ။
ဖုန်းထဲမှာ ခုအခါ
အဖေ့ရဲ့အများဆုံး စကားလုံးတို့ဟာ
အင်း အေး ကောင်းတယ်
သား ကျန်းမာရေး ကို ဂရုစိုက် ကွယ်
သာ သာဖြည်းဖြည်း ပဲပြောတော့တယ် ။
ကြာလေ စကားနည်း လာလေ အဖေ
ကြာလေပြောတဲ့အကြောင်း ကိစ္စတွေ္စနည်းလာလေ
အဖေ
အဖေ့အသံနဲ့အဖေ့စကား တို့ဟာ
အဖေ့ရဲ့ဇရာနဲ့ရောဂါကိုပုံဖော်ပေးနေတယ်
သေးသေးသွယ်သွယ် အဖေ့ကိုယ်လုံး လေးရယ်
လေတချက်ပြင်းပြင်း တိုက်ခတ်ရင်တောင်ယိုင်လဲနိုင်တယ်။
အော် ငယ်ငယ်ထဲက
အစိုးရိမ်ကြီးတတ် ၊ပူပန်တတ်လို့
သံယောဇဉ်ကြီးတတ်၊အားနာတတ်လို့
သားနဲ့ဝေးးခဲ့ရတဲ့နေ့ရက်တွေမှာ
အဖေ ဟာဘယ်လို ကျော်ဖြတ်ခဲ့ရှာ မလဲ ။
တကယ်လို့ ကျနော့်မှာ
နတ်ကြိမ်လုံး သာရှိမယ်ဆိုရင်
အဖေ့ကို
ကျနော့်နား ခေါ်ထားချင်တယ်
သားတယောက်ရဲ့
ပြန်ပေး ဆပ်သင့်တဲ့ကျေးဇူး နဲ့ဝတ္တရား တွေကို
ကျနော်ကျေပွန်ချင်တယ်
အဖေ့ရင်ကိုဆွဲဖွင့်လို့
အဖေ၀ှက်ထားသိမ်းထား ပျိုးထောင် ထားတဲ့
ဆူးတွေ ကို၊ စိတ်ကူး အိပ်မက် ကို၊ မိုးကောင်းကို
ပြီးတော့
ချွေးစက်ဆားပွင့်၊မျက်ရည်ဥတို့ရဲ့မွှေးရနံ့ကို
ကျနော် တ၀ရှူရှိုက်ကြည့်ချင်တယ်
အဖေ့ရဲ့တွန့်ကြေနေတဲ့မျက်နှာပြင်ကိုလဲ
နွေရင်ခွင်ထဲ ကကန်ရေပြင် လို
တည်ငြိမ်ငြိမ်းအေးနေစေမယ် ။
ကနေ့တော့
ကျနော့်ကြောင့်ချည်း မဟုတ်ပါဘူး
ဘ၀၊ယုံကြည်ချက် နဲ့ကံကြမ္မာရှေ့မှောက်မှာ
တူးမြှပ်ပြီးထားရတဲ့
ခါးသီး စွာသိုသိပ်နေရတဲ့
အထီးကျန်မှုနဲ့အကန့်အသတ် အဆီးအတား ကို
အဖေခွင့်လွှတ်နားလည်ပေးခဲ့ရင်း
အဝေးကလင်းလင်းလဲ့လဲ့ ကြယ်လေးတွေကို
ညည မှာတယောက်တည်းရေတွက် ရင်း
မြတ်ဘုရားရှင်ဝယ်
ဆုတွေသာတွင်တွင်တောင်းပြီးအဖေစောင့်ခဲ့တယ်။
မြေးအနှစ်တွေနဲ့
ဘယ်လိုမှခွဲမနေနိုင်တဲ့အဖေ
အမေရှိစဉ်မှာ
အမေနဲ့အတူနေလာခဲ့တဲ့အိမ်ခန်းလေးနဲ့
ဘယ်လိုမှခွဲမထား ပစ်နိုင်တဲ့အဖေ
အဖေ့လိုပါပဲ
စောင့်ရင်းအောင့်ရင်း
တရားသဘောတွေနဲ့ဖြေတတ်ကြည့်တတ်ရင်း
ကျနော်ဟာလဲ
ကိုယ့်ပါးစပ်ထဲကသွား ကိုကိုယ်ရိုက်ချိုးလို့
ကိုယ့်ဝမ်းထဲ ကို ကိုယ်မျိုချလို့ ။

အောင်ပင်လယ်
၁၁-၇-၁၂၀၀၈
(အဖေကွယ်လွန်တဲ့ညမှာရေးတယ်)