Saturday, August 2, 2008

အဖေ့အတွက် ကဗျာ

ဖုန်းထဲမှာ
ဟိုလွန်ခဲ့သောနှစ်များ ကလို
“ရီရေ
မင်းသား မင်းသား”
အဖေ့ရဲ့ပျော်ရွှင်ဝမ်းသာတဲ့အသံမျိုး ကိုမကြားရတော့ ။
ဖုန်းထဲမှာ ခုအခါ
အဖေ့ရဲ့အများဆုံး စကားလုံးတို့ဟာ
အင်း အေး ကောင်းတယ်
သား ကျန်းမာရေး ကို ဂရုစိုက် ကွယ်
သာ သာဖြည်းဖြည်း ပဲပြောတော့တယ် ။
ကြာလေ စကားနည်း လာလေ အဖေ
ကြာလေပြောတဲ့အကြောင်း ကိစ္စတွေ္စနည်းလာလေ
အဖေ
အဖေ့အသံနဲ့အဖေ့စကား တို့ဟာ
အဖေ့ရဲ့ဇရာနဲ့ရောဂါကိုပုံဖော်ပေးနေတယ်
သေးသေးသွယ်သွယ် အဖေ့ကိုယ်လုံး လေးရယ်
လေတချက်ပြင်းပြင်း တိုက်ခတ်ရင်တောင်ယိုင်လဲနိုင်တယ်။
အော် ငယ်ငယ်ထဲက
အစိုးရိမ်ကြီးတတ် ၊ပူပန်တတ်လို့
သံယောဇဉ်ကြီးတတ်၊အားနာတတ်လို့
သားနဲ့ဝေးးခဲ့ရတဲ့နေ့ရက်တွေမှာ
အဖေ ဟာဘယ်လို ကျော်ဖြတ်ခဲ့ရှာ မလဲ ။
တကယ်လို့ ကျနော့်မှာ
နတ်ကြိမ်လုံး သာရှိမယ်ဆိုရင်
အဖေ့ကို
ကျနော့်နား ခေါ်ထားချင်တယ်
သားတယောက်ရဲ့
ပြန်ပေး ဆပ်သင့်တဲ့ကျေးဇူး နဲ့ဝတ္တရား တွေကို
ကျနော်ကျေပွန်ချင်တယ်
အဖေ့ရင်ကိုဆွဲဖွင့်လို့
အဖေ၀ှက်ထားသိမ်းထား ပျိုးထောင် ထားတဲ့
ဆူးတွေ ကို၊ စိတ်ကူး အိပ်မက် ကို၊ မိုးကောင်းကို
ပြီးတော့
ချွေးစက်ဆားပွင့်၊မျက်ရည်ဥတို့ရဲ့မွှေးရနံ့ကို
ကျနော် တ၀ရှူရှိုက်ကြည့်ချင်တယ်
အဖေ့ရဲ့တွန့်ကြေနေတဲ့မျက်နှာပြင်ကိုလဲ
နွေရင်ခွင်ထဲ ကကန်ရေပြင် လို
တည်ငြိမ်ငြိမ်းအေးနေစေမယ် ။
ကနေ့တော့
ကျနော့်ကြောင့်ချည်း မဟုတ်ပါဘူး
ဘ၀၊ယုံကြည်ချက် နဲ့ကံကြမ္မာရှေ့မှောက်မှာ
တူးမြှပ်ပြီးထားရတဲ့
ခါးသီး စွာသိုသိပ်နေရတဲ့
အထီးကျန်မှုနဲ့အကန့်အသတ် အဆီးအတား ကို
အဖေခွင့်လွှတ်နားလည်ပေးခဲ့ရင်း
အဝေးကလင်းလင်းလဲ့လဲ့ ကြယ်လေးတွေကို
ညည မှာတယောက်တည်းရေတွက် ရင်း
မြတ်ဘုရားရှင်ဝယ်
ဆုတွေသာတွင်တွင်တောင်းပြီးအဖေစောင့်ခဲ့တယ်။
မြေးအနှစ်တွေနဲ့
ဘယ်လိုမှခွဲမနေနိုင်တဲ့အဖေ
အမေရှိစဉ်မှာ
အမေနဲ့အတူနေလာခဲ့တဲ့အိမ်ခန်းလေးနဲ့
ဘယ်လိုမှခွဲမထား ပစ်နိုင်တဲ့အဖေ
အဖေ့လိုပါပဲ
စောင့်ရင်းအောင့်ရင်း
တရားသဘောတွေနဲ့ဖြေတတ်ကြည့်တတ်ရင်း
ကျနော်ဟာလဲ
ကိုယ့်ပါးစပ်ထဲကသွား ကိုကိုယ်ရိုက်ချိုးလို့
ကိုယ့်ဝမ်းထဲ ကို ကိုယ်မျိုချလို့ ။

အောင်ပင်လယ်
၁၁-၇-၁၂၀၀၈
(အဖေကွယ်လွန်တဲ့ညမှာရေးတယ်)

4 comments:

Welcome said...

အစ်ကိုခင်ဗျား
အလည်ရောက်ပါတယ်
ကဗျာလေးတွေခံစားသွားပါတယ်
ဆီဘောက်လေးမတွေ့လို့ ၀င်ကွန်မင့်ပါတယ်
အဆင်ပြေပါစေ....

Canada Myanmar Group said...
This comment has been removed by a blog administrator.
Kaung Kin Ko said...

ကဗျာလေး က ရင်နင့်စေတယ်ဗျာ

Canada Myanmar Group said...

စိဘောက် မတွေ့ တာ နဲ့ ဝင် ကွန့် မင့် ခဲ့ တယ်ဗျာ

နှစ်သစ်မင်္ဂလာအခါသမယမှာ ပျော်ရွင်မှူအပေါင်းနဲ့ ခညောင်းကြပါစေ ကောင်းခြင်းမင်္ဂလာအဖြာဖြာ နဲ့ ပြည့် ဝကြပါစေ