Saturday, August 2, 2008

မုန်တိုင်းထဲကသားအမိ

( က)
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းတင်းဆုပ်ထား ။
လေကြီးမိုးကြီးတွေ
ပြိုပြိုဆင်းလာနေတယ်
နတ်ဘုံနတ်လမ်းဟာလဲ
မဲမဲမှောင်နေတယ်။
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းဆုပ်ထား ။
(ခ)
မေမေ
မေမေ
သားကြောက်တယ်။
မေမေ့လက်ကို့  အို
သားမမြင်ရတော့ဘူးဆို။
ဘုရားသခင် ရှိတဲ့
ကောင်းကင်ဘုံ ဟာလဲ
မှောင်နေတာပဲမေမေ
သားရဲ့ကိုယ်လက်တွေမြုပ်သွား ပြီမေမေ
အလင်းရောင်တွေမရှိတော့ဘူးမေမေ
နွားတွေလှည်းတွေ လှေသဘောင်္တွေ
ဆွဲချသွားပြီမေမေ။
မေမေ့ခေါ်သံ
မေမေ့အားပေးသံ
မကြားရတော့ဘူးမေမေ
မေမေ့မျက်နှာ
မေမေ့လက်ပါ
သားမတွေ့ရတော့ဘူးမေမေ။
(ဂ)
သွားနှင့်တော့ကွယ်သားရယ်
မေမေဆုတောင်းနေမယ်။
နောင်ဆိုရင် ဒီကနေ့လို
ဆင်းဆင်းရဲရဲဇာတာ
မင်းလေးရှိမှာမဟုတ်တော့ပါ ။
နောင်ဆိုဒီကနေ့လို
မရေမရာ ကျောင်းပညာ
ဖေဖေ့ဆေးဖိုးဓါတ်စာ
မင်းလေး တွေးပူဖို့မလိုတော့ဘူးကွာ။
ကောင်းကောင်းမှတ်ထားနော်သားရာ
မင်းမေမေ မင်းဖေဖေတို့ရဲ့
ပုံရုပ်ကိုသေသေချာချာ
နောင်ဘ၀မှာ
ဒို့သားအမိသားအဖ
ပြန်အတူတကွ
ပေါင်းသင်းနေထိုင်ကြဦးမှာ ။
(ဃ)
စိတ်ချသွားပါမေမေရယ်
မစိုးရိမ်ပါနဲ့ကွယ် အားတင်းထားတယ်။
နတ်ဘုံနတ်လမ်း ဟာ
နည်းနည်းပြည့်ကျပ်နေတယ်
သားနဲ့သက်တူရွယ်တူ တွေအများကြီး ရှိတယ်
သားသူငယ်ချင်း နဲ့ကျောင်း နေဘက် တွေလဲပါတယ်
မငိုဘူး ၊ ဒို့မျက်ရည်မျက်ဘူးလို့
တဦးကိုတဦးအားပေးကြတယ်ဆိုကြတယ်။
သားစကားကြား လားမေမေရယ်
ဘယ်မေမေပဲဖြစ်ဖြစ်
သားတို့မေမေပဲဖြစ်တယ်
(င)
မေမေ
မေမေ့အနားမှာ
နောင်သားမရှိတဲ့ အခါ
မေမေ့အချစ်တွေနဲ့
မေမေ့မေတ္တာများကိုစုပုံကာ
ရှင်နေတဲ့ သား တွေကိုပေးကမ်းပါ။
အခု
သားတို့ဖာသာသားတို့သွားပြီဗျာ
စိတ်ချပါမေမေရာ
မျက်ရည်သုတ်လိုက်ပါ
မျက်ရည်ဥ လေးတွေရဲ့
အရောင် အဆင်းအလင်း များဟာ
သားတို့သွား မဲ့လမ်းကို
ရှင်းလင်းထွန်းလင်း မပေးနိုင်ပါ။
(စ)
မေမေရယ်
မှတ်ထား ပါတယ်နှလုံးထဲမယ်။
ဖေဖေမေမေတို့ရဲ့
ရုပ်မျက်နှာကိုစွဲစွဲခိုင်ခိုင်ကွယ်
သားမျက်လုံးအိမ်ထဲရိုက်နှိပ်ထားတယ်။
မေမေရယ်
မမေ့နဲ့ကွယ်။
နောင်ဘ၀မှာ
သားတို့ချိန်းထားတာ ။

ငြိမ်းချမ်းသူ
မေ ၂၀၀၈

6 comments:

Welcome said...

အစ်ကို
အလည်ရောက်ပါတယ်
ကဗျာလေးတွေ ဖတ်သွားပါတယ်
ဆီဘောက်မတွေ့လို့
ကွန်မင့်ရေးခဲ့ပါတယ်။
အဆင်ပြေချမ်းမြေ့ပါစေ..
လေးစားလျက်
ဝင်းဇော်
www.winzaw-mdy.blogspot.com

Anonymous said...

ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူးဗျာ... ရင်နင့်သွားတယ်..

ဒီရေ said...

စာတွေ လာဖတ်သွားတယ်...ခင်ဗျ... ကောင်းတယ် ....

nyeinnyo said...

ကဗျာလာဖတ်ပါတယ်ဗျ။ ကျနော့်အတွက်ဖတ်စရာ အွန်လိုင်းစာမျက်နှာတခုတိုးလာလို့ ၀မ်းသာပါတယ်ခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ ကြပါစေ :) :)

တည်ညိမ်းကို ( သို့မဟုတ် ) said...

လာလည်ဖတ်ရှုသွားပါတယ်ခင်ဗျာ ... စီဘောက်စ် မတွေ့လို့ ဒီမှာပဲ ပြောသွားချင်ပါတယ် ... ကဗျာတွေမကြိုက်ဘူးဗျာ ... ကျွန်တော့်စိတ်ထဲရှိတာပြောတာပါ ... ရွှင်လန်းပါစေ ...

Kaung Kin Ko said...

ကဗျာလေး က ရင်နင့်စေတယ်ဗျာ။ မုန်တိုင်းထဲက သားအမိတွေ ရောက်လေရာ ဘဝမှာ ပျော်ရွှင်ကြပါစေဗျာ