Thursday, December 16, 2010

ဘဘဦးဝင်းတင်…သို့

လေလိုင်းထဲက
နှစ်လိုအားရ
မင်္ဂလာစကား အစစ
ကြားနေရတယ် ဘဘရဲ့အသံ။

တကယ်က
ဘဘ သံမဏိ စကားလုံး
ယူရေနီယံများ
ကျနော်တို့ နှလုံးသား
ကြွက်သား သွေးကြောသန်မာစေခဲ့
တချို့ သွက်ချာပါဒလိုက် ဖောက်ပြန်
တချို့ ယုံရွဲ့ဇောက်ထိုး
တချို့ သွေးကြောတွေထဲ ရေခဲခဲ
ရေခဲချောင်းကလေးတွေ ဖွေးဥလို့
တချို့ အဆီအဆိမ့်တွေ ပိတ်ဆို့
သေဆုံးသွားတဲ့ စိတ်ဓါတ်နှလုံး
ဘဘ စကားလုံးတွေ ထိမှန်
ရှင်သန်လာခဲ့။

နိုးတဝက် အိပ်မက်ကနိုးထ
သွက်ချာပါဒကနိုးထ
အားသစ်တိုး နိုးကြွလာခဲ့ကြ
လက်ယှက်တိုး ရေခဲချောင်းသွေးကြော
နီသော ရဲသော ပတ္တမြားရောင်လက်ထ။

အသွေးအခေါ်တရပ်က
လူထုကြီးကို သိမ်းပိုက်လိုက်မှဖြင့်
ကြီးမားအင်အားထု ဖြစ်သွားပေါ့။

မိုးကို ခေါင်းနဲ့ဆောင့်
မြေကိုခြေကန်ပြီး
ဘဘရဲ့အခြေခံ စခန်း
မွေးဖွားခန်းထဲက
အလင်းသစ္စာ ချစ်သူးများ
မွေးဖွားပေးပါ။
ယုံကြည်ချက်သမား
ကိုယ်ကျိုး စွန့်သူများ
အထပ်ထပ် မွေးဖွားပေးပါ။

ကုန်းခံဘို့ မဟုတ်
ရုန်းကန်ဘို့ အတွက်လေ
လွတ်လပ်ဖို့
လွတ်မြောက်ရေးတပ်သား
အင် အားများနဲ့သာ
ကမ္ဘာဟောင်းကို ပြောင်းလဲပစ်
အသစ်တည်ဆောက်နိုင်တယ်
ယုံကြည်တယ်…ဘဘ။

စိုင်းလောင်မိန်းသက်
အောက်တိုဘာ ၄ ၊၂၀၁၀

No comments: