Saturday, March 14, 2009

မြို့ ဘဲ အုပ်နဲ့ ရေဆန်ထဲက ငါး

( ၁ )
မြို့ ဘဲအုပ်တွေ
ရေဆိုင်ဝဲထဲ ၊ တွဲလွဲခိုလို့
ရေဇလုံထဲက ၊ ကလေးကစားတဲ့
ဘဲရုပ်ကလေးတွေလိုပေါ့။

ဖေါ့လို
အမွှေးထူပျစ်ပျစ်တွေနဲ့
ဖွဖွရွရွ ဖေါ့ထားလို့
အရုပ်ကလေးတွေလိုပေါ့

ရေစီးသန်လျင်
ရေဆန်လှန်မတက် ၊ ငြိမ်သက် ရေဝဲထဲ
မြို့ဘဲကပျော်တယ်။

( ၂ )
သန်စွမ်းရေလျင်ထဲ
ငွေမင်ရောင်ငါးများ
ဆန်တက်ကူးခတ်သွား
ရေအောက်လှုပ်ရှား
ရေနဲ့ငါး
တသားထဲဖြစ်နေကြ။

ရေသန်
ရေဆန်အလျင်ထဲ ၊ ထိုးခွဲကူးခတ်
ရှင်သန်တဖျပ်ဖျပ်။

စိုင်းလောင်မိန်းသက် ( ကြယ်ကမ္ဘာ )
အောက်တိုဘာ ၄ ရက် ၂၀၀၈